တိုက်ကြီး စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် လိမ္မော်ခြံကျေးရွာအုပ်စုရှိ မြစိမ်းတောင် ဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား တာဝန် ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေး ခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံရာတွင် မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်းရှိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ် စုစုပေါင်း (၁၀၇)ဦးအား ကာကွယ်ဆေးမထိုးနှံမီ လက်သန့်ဆေး ရည်များ ဖျန်းပေးခြင်း၊ ပါးစပ်/နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်စေခြင်း၊ သတ်မှတ်အကွာ အဝေး အတိုင်း ထိုင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စာရင်းမှတ်တမ်းပေးသွင်းစေခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးထိုးပြီးချိန်၌ နာရီဝက်ခန့် စောင့်ကြည့်ခြင်းတို့ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဦးဇော်မင်းထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက် ပေးခဲ့သည်။ ထို့နောက် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများကို QR Code ပါဝင်သည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း မှတ်တမ်းများကို တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်အတွင်း ကျန်ရှိနေသော ဘုန်းတော်ကြီးကျောင်းများတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ဆက်လက် ကွင်းဆင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
စန်းကလျာခိုင်