ရန်ကုန် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်စေ ရန်နှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် အသက် (၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် အလုပ်ရုံ/ စျေးဝယ်စင်တာများမှ ဝန်ထမ်းများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် နှစ်နေရာ ခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များနှင့် ရပ်မိရပ်ဖ များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီ စောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
“ကျွန်မတို့လို စျေးဝယ်စင်တာတွေက အရောင်းဝန်ထမ်းတွေအနေနဲ့ နေ့စဉ်လူအများနှင့် ပြောဆို ဆက်ဆံပြီး အလုပ်လုပ်တဲ့ အချိန်က များပါတယ်။ အဲအတွက် ရောဂါကူးစက်နိုင်ခြေကလည်း ရာခိုင်နှုန်း အားဖြင့် များပါတယ်။ ယခုလို သက်ဆိုင်ရာ တာဝန်ရှိ သူတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးတာဟာ ရောဂါကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။ ကာကွယ်ဆေး ထိုးနှံပေးတဲ့အတွက်လည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်” ဟု ကာကွယ်ဆေး လာရောက်ထိုးနှံသူ စျေးဝယ်စင်တာမှ အရောင်းဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂)ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့အထိ တာမွေမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား (၆၄၅၃)ဦးကို လည်းကောင်း၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း (၁၃၉၃) ဦးကိုလည်းကောင်း၊ ပရဟိတအသင်းဝင် (၁၀၇၅)ဦးကိုလည်းကောင်း၊ ဘုန်းတော်ကြီးကျောင်း/ သီလရှင်ကျောင်းနှင့် ဘာသာရေး ကျောင်းများမှ (၃၇၁)ဦးကိုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း (၁၁၄၅)ဦးကို လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းမိသားစု (၂၁၀)ဦးကို လည်းကောင်း၊ ဟိုတယ်/မိုတယ်နှင့် တည်းခိုခန်းများမှ ဝန်ထမ်း(၁၆)ဦးကိုလည်းကောင်း၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်း (၁၇)ဦးကိုလည်းကောင်း၊ အလုပ်ရုံများနှင့် စျေးဝယ်စင်တာများမှ ဝန်ထမ်း(၅၁၀)ဦးကိုလည်းကောင်း ထိုးနှံပေးနိုင်ခဲ့ ကြောင်းနှင့် ယခုအခါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေ သေးသည့် အသက် (၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် အလုပ်ရုံ/စျေးဝယ် စင်တာများမှ ဝန်ထမ်းများအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ(၁၃)ရက်မှ (၁၈)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ မွန်းလွဲ (၂)နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)