ကျိုင်းတုံ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင်း သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ (RDT)Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က ခြေတော်ရာဘုန်းတော်ကြီး ကျောင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သား ဆရာဝန်များနှင့် လူမှုရေးအသင်းအဖွဲ့များက သွားရောက် စစ်ဆေး ပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးပေးရာတွင် ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ခြေတော်ရာ ဘုန်းတော်ကြီး ကျောင်းမှ သံဃာတော် ၃၉ ပါးအား (RDT)Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးပေးရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိကြောင်းသိရပြီး ကျန်ရှိသည့် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များသို့ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ၊ သီလရှင် ကျောင်းတိုက် များမှ သံဃာတော်များနှင့် သီလရှင်များအား (RDT)Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးပေးခဲ့ရာ စက်တင်ဘာ ၁၂ ရက်အထိ သံဃာတော် ၂၈၂ ပါး၊ သီလရှင် ၆၄ ပါး အား စစ်ဆေးခဲ့ပြီး ရောဂါကူးစက်ခံရမှု မရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)