ရွှေပြည်သာမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ရွှေပြည်သာ  စက်တင်ဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့ နံနက် ၉ နာရီမှစတင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးမြင့်ဦး၏  လမ်းညွှန်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ အဝင်ဝတွင် လက်သန့်ဆေးရည်များ ဖျန်းပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမည့် အမှတ်စဉ်နှင့် စာရင်းများ ရေးသွင်းခြင်း၊ သတ်မှတ် နေရာများတွင် ထိုင်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးအတွင်း  အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စာရင်းမှတ်တမ်း ပေးသွင်းစေခြင်းနှင့် အလှည့်ကျစီတန်းစေခြင်းတို့ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြသည်။

ကာကွယ်ဆေးထိုးပြီးသူများကို ကျန်းမာရေးဝန်ထမ်းများက မိနစ် ၃၀ နားနေစေခြင်း၊ ဆေးထိုးပြီးသည့်  နေရာအား မည်သည့်အမွှေးနံ့သာမျှ လိမ်းကျံခြင်းမပြုရန်၊ ပုံမှန်အတိုင်း နေထိုင်စားသောက်ရန်၊ အပြင်သို့ ထွက်ခွာရန်ရှိပါက နှာခေါင်းစည်းဝတ်ဆင်ပြီးမှ ထွက်ခွာရန်၊ သွေးတိုး၊ ဆီးချိုရှိသူများ ပိုမို၍ ဆေးထိုးနှံသင့်ကြောင်း၊ ဆေးထိုးပြီး   (၃)ရက်အတွင်း အရက်၊ ဘီယာ ရှောင်ကျဉ်ကြရန် စသည့်  အသိပညာများကို ထပ်မံမျှဝေပေးခဲ့ကြပြီး နောက်နေ့များတွင်လည်း သာသနာ့ဗိမာန်တော်ကြီးတွင် ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် (ဒုတိယအကြိမ်) ကာကွယ်ဆေး မထိုးနှံရသူ လူပုဂ္ဂိုလ်၊ သံဃာတော်နှင့် သီလရှင်များအား မြို့နယ်ပြည်သူ့ဆေးရုံတွင် လာရောက် ထိုးနှံနိုင်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

အေးမိုး