တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ One Stop Service စီမံချက်ဖြင့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ကိုဗစ် ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ မှတ်ပုံတင် ပြန်လည် ဆောင်ရွက်ပေး

မြိတ်    စက်တင်ဘာ  ၁၃

         

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်ပြုလုပ်ပေးခြင်း ရပ်နားထားခဲ့ရာမှ ယနေ့ နံနက်ပိုင်းမှ စတင်၍  ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဆောင်ရွက်ပေးလျက်ရှိသည်။

         

One Stop Service စီမံချက်ဖြင့် မော်တော်ဆိုင်ကယ်များအား တရားဝင်မှတ်ပုံတင်ပြုလုပ် ပေးခြင်းကို  သက်ဆိုင်ရာ၏ညွှန်ကြားချက်ဖြင့် ပူးပေါင်းအဖွဲ့မှ ပြန်လည်ဆောင်ရွက်ပေးရာ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း များနှင့်ညီ/မညီ၊ လူစုလူဝေးမဖြစ်စေရေးနှင့် One Stop Service စနစ်ဖြင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ တို့မှ သွားရောက်ကြည့်ရှု ဆောင်ရွက်ခဲ့ကြသည်။

           

One Stop Service စီမံချက်ဖြင့် မော်တော်ဆိုင်ကယ်များအား ဉပဒေနှင့်အညီ တရားဝင်မှတ်ပုံ တင်ပေး ခြင်းဖြင့် တရားမဝင်မော်တော်ဆိုင်ကယ်များ လျော့နည်းပပျောက်စေရေး၊ မော်တော် ဆိုင်ကယ်အသုံးပြု၍ ပြစ်မှု ကျူးလွန်မှုများအား ထိရောက်စွာဖော်ထုတ်အရေးယူနိုင်ရေး၊ ပြည်သူများသွားလာပို့ဆောင်မှု အဆင်ပြေစေရေး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်ဖြစ် ထွန်းစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။         

         

မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား (၂၀၁၄)ခုနှစ်အောက်မှ (၂၀၂၁)ခုနှစ်အထိ ထုတ်လုပ် သည့် နိုင်ငံအလိုက် အင်ဂျင်ပါဝါ (၁၁၀)စီစီနှင့်အောက်၊ (၁၁၁)စီစီမှ (၁၂၅)စီစီအထိ၊ (၁၂၆)စီစီမှ (၂၅၀)စီစီအထိ အမျိုးအစားများကို သက်ဆိုင်ရာဌာနများအလိုက် ပေးသွင်းရမည့် အခွန် ကျသင့်ငွေများကို ပွင့်လင်းမြင်သာစွာ ဗီနိုင်းချပ်များဖြင့် ကြေညာထားရှိပြီး သတ်မှတ် ကာလအထိ One Stop Service စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်ပြုလုပ် ပေးခြင်းကို ရုံးဖွင့်ရက် နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲအထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

           

ခိုင်ထူး ( မြိတ် )