ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု စာရင်းနှင့် ကိုင်ဆောင်လက်မှတ် ပြုလုပ်ပေးနိုင်ရေး ဆက်လက်ကွင်းဆင်းစာရင်း ကောက်ယူလျက်ရှိ

ရွှေပြည်သာ   စက်တင်ဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများအား  “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လိုက်လံ စာရင်းကောက်ယူလျက်ရှိရာမှ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ ကြီးကြပ်မှုဖြင့် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်ကွက် စာရေးများက ပြည်သူများနေအိမ်သို့ တစ်အိမ်တက်ဆင်း ဆက်လက်၍ လိုက်လံ စာရင်းကောက်ယူလျက်ရှိသည်။

ယင်းသို့ စာရင်းကောက်ယူရာတွင် လက်ရှိဇာတိတွင် အမြဲနေထိုင်၍  အိမ်ထောင်စုစာရင်းရှိပြီး  ကိုင်ဆောင်လက်မှတ်မရှိသူ၊ လက်ရှိ ဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိ၊   ကိုင်ဆောင် လက်မှတ် မရှိသူ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင် လက်မှတ် မရှိသူနှင့်  လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူ စသည့် အချက်လေးချက်ဖြင့် လိုက်လံ စစ်ဆေး စာရင်းကောက်ယူလျက် ရှိကြောင်း သိရသည်။

အဆိုပါ “ပန်းခင်း”  စီမံချက်ဖြင့် မြို့နယ်အတွင်း အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား   ထုတ်ပေးခြင်း လုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ မေလ (၃)ရက်နေ့မှ စတင်ကာ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့အထိ (၁၈) လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မကောက်ယူရသေးသော ရပ်ကွက်၊ ကျေးရွာများသို့လည်း အဖွဲ့များခွဲ၍ ဆက်လက်ကောက်ယူလျက်ရှိကြောင်း မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ၊ မြို့နယ်စီးမှူးရုံးမှ သိရသည်။

အေးမိုး