ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြသပြီး ပျက်စီးသွားသောမိုးစပါးစိုက် တောင်သူများအတွက် မြေဩဇာနှင့်ပိုးသတ်ဆေးများထောက်ပံ့

ဘားအံ စက်တင်ဘာ ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ တောင်သူဦးစိုးဝင်း၏ ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်( ၆ )ဧက စိုက်ခင်း၌ ကျင်းပသည်။

ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်စု(၉)အုပ်စုမှ တောင်သူကိုယ်စားလှယ်များ တက်ရောက် လေ့လာခဲ့ကြပြီး ကူဘိုတာ ခြောက်တန်းသွား ကောက်စိုက်စက်နှစ်စီးဖြင့် စိုက်ပျိုးသရုပ်ပြသခြင်းအား ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါကောက်စိုက်စက်တစ်စီးလျှင် လယ်တစ်ဧကကို တစ်နာရီခန့်သာ စိုက်ပျိုးချိန်ကြာမြင့်မည် ဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးခြင်းကို ဖြေလျော့နိုင်သကဲ့သို့ လက်မှုလယ်ယာ မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် တောင်သူများအနေဖြင့် ခေတ်မီလယ်ယာသုံးစက် ကရိယာများဖြင့် ရင်းနှီးကျွမ်းဝင်အသုံးပြု တတ်လာစေမည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများ အနေဖြင့် ကောက်စိုက်စက်ဝယ်ယူသုံးစွဲလိုပါက လက်ငင်း ၁၉၉ သိန်း ကျသင့်မည်ဖြစ်ပြီး အရစ် ကျစနစ်ဖြင့်လည်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ဆက်လက်၍ ကော့ဂွန်း(ဖဲကတာ)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ရေကြီးနစ်မြုပ်ပျက်စီးသွား သော မိုးစပါးစိုက်တောင်သူများအတွက် မြေဩဇာနှင့် ပိုးသတ်ဆေးများကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တစ်ဧကအထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုး လုပ်ကိုင်ကြရန်၊ သီးထပ်သီးညှပ် စိုက်ပျိုးလုပ်ကိုင်ကြရန်နှင့် ဈေးကွက်ရှိသည့်သီးနှံများကို ရွေးချယ်စိုက်ပျိုးကြရန် ပြောကြားပြီး ဘားအံခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသက်ဆွေက ရေကြီးနစ်မြုပ် မိုးစပါးစိုက်တောင်သူများအား ထောက်ပံ့ပေးအပ်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် စီးပွားရေးရာ ဝန်ကြီးဦးစောခင်မောင်မြင့်တို့က တောင်သူကုန်း၊ ဇာသပြင်အရှေ့၊ ဇာသပြင် အနောက်၊ ကော့သင်း၊ ကော့လမု၊ ကျုံဖဲ၊ ခရားအတွင်း အစရှိသည့် ကျေးရွာအုပ်စု(၉) အုပ်စုမှ တောင်သူဦးကြီးများ၏ ရေကြီးနစ်မြုပ်ပျက်စီး မိုးစပါးစိုက်ဧက(၆၀၈)ဧကအတွက်  မြေဩဇာနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြရာ တောင်သူကိုယ်စား လှယ်တစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ဂွန်းကျေးရွာ သမစိတ္တကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ(ဓမ္မဇောတိက)အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခြံကလေး တောင်ရတနာကျေင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝိမလအား ဖူးမြော်ကြည်ညို၍ ဒေသဖွံဖြိုးရေးဆိုင်ရာများ၊ သာသနာတော် ဆိုင်ရာများအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)