ကျောက်ဆည်မြို့ နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကျောက်ဆည်  စက်တင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သံဃာတော်များ၊သီလရှင်များ၊ အသက်(၆၅)နှစ် အထက် အဘိုးအဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ဒုတိယ အကြိမ်ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ခွဲကာ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ကာကွယ်ဆေးများကို သံဃာတော်နှင့်သီလရှင် (၄၄၈)ပါး၊ အသက်(၆၅)နှစ် အထက်အဘိုးအဘွား (၁၂၃၂)ဦး၊ ကျန်းမာရေးဝန်ထမ်း(၁၃)ဦး၊ လူမှုရေး အသင်းအဖွဲ့(၁၁၃)ဦး၊ နိုင်ငံ့ဝန်ထမ်း(၈၆၆)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၁၂၆)ဦး၊ ဟိုတယ်မိုတယ် တည်းခိုခန်း လုပ်ငန်းလုပ်ကိုင်နေသူ(၁၃၆)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူ (၄၆၇)ဦး ၊Super Market ဝန်ထမ်း(၂၀၃၀)ဦး၊ စက်ရုံအလုပ်ရုံ ဝန်ထမ်း(၁၀၆၀)ဦး၊ စုစုပေါင်း (၆၄၉၁)ဦးအား  ထိုးနှံပေးပြီး ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများကို မြို့တော်ခန်းမတွင် နံနက်(၉) နာရီခွဲမှ ညနေ(၃) နာရီ အထိ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

တင်တင်ထွေး