မိုင်းပန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းမှ သံဃာတော်များအား RDT Test Kit ဖြင့် သွားရောက်စစ်ဆေး

မိုင်းပန် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ နံနက်(၈) နာရီ အချိန်ကစ၍ မြို့နယ်အတွင်းရှိ သံဃာဦးရေ (၂၅) ဦးအထက်ရှိသည့် မွေတော်ပရိယတ္တိ စာသင်တိုက်နှင့် ကုန်းပင်း ဘုန်းတော်ကြီးကျောင်းတို့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သံဃာတော်များအား RDT Test Kit ဖြင့် သွားရောက်စစ်ဆေးပေးခဲ့ရာ အရှေ့ကျေးရွာအုပ်စု၊ ဟိုဖိုင်ကျေးရွာ၊ ကုန်းပင်းဘုန်းတော်ကြီးကျောင်းရှိ အသက် (၁၆)နှစ် အရွယ် သံဃာ (၁) ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းနှင့် ယခုအခါ Isolation Ward တွင် ထားရှိကုသပေးလျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ (၄) ရက်နေ့မှ စက်တင်ဘာလ (၁၁) ရက်နေအထိ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၇၁) ဦး၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)သို့ နှာခေါင်း၊ အာခေါင်တို့ပတ် Swab နမူနာပို့ဆောင် စစ်ဆေးခြင်းအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉) ဦး စုစုပေါင်း (၁၈ဝ) ဦး စစ်ဆေး တွေ့ရှိခဲ့ကြောင်း ၎င်းအနက် သေဆုံး (၁) ဦး၊ ကုသဆဲ (၈ဝ) ဦး ကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မိုင်းပန် (ပြန်/ဆက်)