ပုလော စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် ပြည်သူများ လိုက်နာကြရန် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီက လူစည်ကားရာနေရာများဖြစ်သည့် စျေးများ၊ ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား လှည့်လည်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး၊ ဒုတိယအကြိမ် ဆက်လက်ထိုးနှံရန် ကျန်ရှိနေသူများကို နိုးဆော်ခြင်းနှင့်အတူ လျှင်မြန်စွာ ကူးစက်ပျံ့ပွားမှု ဖြစ်နေသဖြင့် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်သွားရန်၊ အပြင်သွားရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန် နှင့် လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း နီးစပ်ရာနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များကို တိကျစွာ လိုက်နာရန် အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)