ပလောက် စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၏ လမ်းညွှန်မှုအရ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးများပူးပေါင်း၍ ယမန်နေ့ ညနေ (၃) နာရီအချိန်မှစပြီး ဆင်ထိုးကြီးကျေးရွာအတွင်း မှီတင်း နေထိုင်ကြသော မိဘပြည်သူများထံ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး နည်းလမ်းများနှင့် (ဒုတိယ) အကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရေးကို အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်လျက် ရှိကြောင်း သိရှိရသည်။
ယင်းသို့ ကိုဗစ်-၁၉ ရေဂါ ကာကွယ်ရေးနည်းလမ်းများအား သတိပေးကြေညာပေးရာတွင် ဖြစ်နိုင်ပါက အိမ်အတွင်း၌သာနေထိုင်ပါ။ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်းလုံးဝမပြုပါနှင့် မိမိအိမ်တွင်အသက်(၆၅)နှစ် အထက်အသက်အရွယ် ကြီးရင့်သူ (သို့) ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ထားပေးပါ။ လေဝင်လေထွက်ကောင်း သည့် နေရာမှာနေစေပါ၊ မဖြစ်မနေအိမ်အပြင်ထွက်မည်ဆိုပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ တပ်ဆင်ပါ၊ လက်ကိုစနစ်တကျဆေးကြောပါ၊ အခြားသူများနှင့် (၆)ပေကွာ ခပ်ခွာခွာနေထိုင်ပါ။ လေဝင်လေ ထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ပါ။ လူစုလူဝေးရှောင်ကျဉ်ပါ။ ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်သာဈေးဝယ်ယူပါ။ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင် ထားခြင်းမရှိသော ဈေးရောင်းသူများထံမှဈေးမဝယ်ပါနှင့်။ အပြင်ထွက်လာပါက အိမ်ပြန်သော အခါတွင် အိမ်သို့ ရောဂါပိုးများ သယ်ဆောင်လာခြင်း မရှိစေရန်သတိပြုပါ အသုံးပြုပြီးသော (Mask)နှင့် တစ်ခါသုံး ပစ္စည်းများကို နေအိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ။ အဝတ်အစား မလဲမီကိုယ်လက် သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့်အနီး ကပ်ထိတွေ့ခြင်းမှရှောင်ကျဉ်ပါရန် စသည့် အသိပေး ပန်ကြားချက်များ ဖြစ်ကြောင်း သိရှိရသည်။
နှင်းမြူလွင် (ပလောက်)