အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်မြောက် ဆက်လက်ထိုးနှံပေး

မန္တလေး စက်တင်ဘာ ၁၃

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးအား ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများအလိုက် ပထမအကြိမ် ထိုးနှံပြီးသူများကို ယနေ့နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ဒုတိယအကြိမ်မြောက် ဆက်လက်ထိုးနှံပေးကြသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ထိုးနှံပေးကြရာ ဆေးထိုးစုရပ်နေရာများဖြစ်သော ဒေါနဘွားရပ်ကွက် မုန်တိုင်ဓမ္မာရုံ၌ (၁၀၂)ဦး၊ အမရဌာနီအရှေ့ရပ်ကွက် ဒေါ်ဖီဓမ္မာရုံ၌ (၁၅၉)ဦး၊ ပြည်ကြီးရန်လုံရပ်ကွက် ကိုးခန်းဓမ္မာရုံ၌ (၂၄၅)ဦး၊ ပြည်ကြီး ကျက်သရေ အနောက်ရပ်ကွက်၊ ရွှေကျီးမြင်ဘုရားရှိရွှေကျီးနားဓမ္မာရုံ၌(၁၈၂)ဦး၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ ဘီယာစက်ရုံ၌ (၃၉၂)ဦး၊ စုစုပေါင်း (၁၀၈၀)ဦးတို့ကို ဒုတိယအကြိမ်မြောက်အဖြစ် ကာကွယ်ဆေးထိုးနှံပေးပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်း ကတ်ပြားများ ကိုလည်း တာဝန်ရှိသူများက တစ်ပါ တည်း ပေးအပ်ခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးများထိုးပေးရာသို့ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်သန်းဇော်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဦးစီးမှူးများ၊ သက်ဆိုင်ရာရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပြီး ဆေးထိုးရန်ကျန်ရှိသူများကိုလည်း နောက်ရက်များတွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး (အောင်စံ)