ကမမောင်း စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများနှင့် လူသေဆုံးမှုများရှိလာသဖြင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်မြန်မာ ဘာသာအပြင်၊ စကောကရင်လူမျိုးအများစုနေထိုင်သော ရပ်ကွက်အစုများတွင် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃နာရီအချိန်က မြို့အတွင်းရှိ ရပ်ကွက်များ၌လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှည့်လည်အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ လက်ရှိအခြေအနေတွင် အရေးအကြီးဆုံးအချက်မှာ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန် သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ မဖြစ်မနေ အိမ်ပြင် ပသို့ ထွက်ခွာမည်ဆိုပါက သက်ဆိုင်ရာရပ်ကွက်များ၏ နေအိမ်ပြင်ပထွက်ခွာသည့် လက်မှတ်ဖြင့် တစ်အိမ်ထောင်လျှင် မိသားစုဝင်တစ်ဦးသာသွားလာကြရန်၊ မိမိတို့ အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များကိုလက်မခံကြရန်နှင့် ထို့အတူ မိမိတို့က လည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စ ကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင် ကြပါရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြပါရန် (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ် ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခု ကို ကိုင်တွယ် ပြီးတိုင်း ထိတွေ့ပြီး တိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏဆေးကြောကြပါရန်၊ အပြင်ထွက်ရာမှပြန်လာ တိုင်းဖြစ်စေ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစား မလဲမီ ကိုယ်လက်သန့် စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ ကြပါရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီအသက်အန္တရာယ် ထိခိုက်နိုင်ပါ ကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါ ပိုးကူးစက်ခံရသည်ဟု သံသယရှိပါက အိမ်တွင် ကြိတ်ပြီးဆေးကုသမှုမျိုးမပြုလုပ်ရန်၊နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများ ကိမိဘပြည်သူများ အနေဖြင့်ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လင်းသန့် (ပြန်/ဆက်)