နယ်စပ်‌ဒေသ မုံးကိုးမြို့၌ တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ်ထိုးနှံပေး

 မုံးကိုး     စက်တင်ဘာလ ၁၂

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက် ရှိကာကွယ်ဆေး ထိုးရန်စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ယနေ့ နံနက် ၁၀ နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ကာကွယ်‌ ဆေးထိုးနှံ‌ပေးရာတွင် မုံးကိုးမြို့၊ ကျန်းမာ‌ရေးဌာနက ဆရာမများ၊ အမှတ်(၉၉၁) နည်းဗျူဟာက ဆေးဗိုလ်ကြီး(၃)ဦး၊ ဆေးသူနာပြု(၂)ဦးတို့က ကာကွယ်ဆေးထိုးနှံပေးသည်။

ကာကွယ်ဆေး စနစ်တကျ ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာရောက် ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း ၊ သွေးတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး Sinopharm ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးသည်။ ထို့ပြင် အသက်(၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေးထိုးရန် စာရင်းပေးထားသူများအား  စာရင်းဇယားမှတ်တမ်းယူခြင်း လုပ်ငန်း များလည်း‌ ဆောင်ရွက်သည်။

မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စတုတ္ထအသုတ် ထိုးနှံပေးခြင်းဖြစ်ပြီး မုံးကိုးမြို့ ပေါ်၌ လူဦးရေ (၁၇၅၀)နှင့် ဟေမိုးလုံကျေးရွာအုပ်စု၌ လူဦးရေ(၂၅၀) စုစုပေါင်း လူဦးရေ (၂၀၀၀)ဦးအား Sinopharm ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် ထိုးနှံပေးသည်။ မုံးကိုးမြို့တွင် အသက်(၆၅)နှစ်အထက်အဘိုးအဖွားများအပါအဝင် ကိုဗစ် ၁၉ရောဂါကာကွယ်ဆေးကို ပထမအသုတ်၌ လူဦးရေ(၆၀၀)၊ ဒုတိယအသုတ်၌ လူဦးရေ(၃၀၀)၊ စုစုပေါင်းလူဦးရေ(၉၀၀)အား ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးထားပြီး ဖြစ်သည်။ တတိယအသုတ်ပထမအကြိမ်အဖြစ်လူဦး‌ ရေ(၁၀၀၀)ထိုးနှံပေးထာပြီးဖြစ်သည်။ ဆက်လက်ပြီး ကာကွယ်ဆေးထိုးရန် ကျန်သည့်တိုင်းရင်းသားပြည်သူများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတအဖွဲ့များက လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သန်းဇော်ဦး(မုံးကိုး)