မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

မိုင်းဖြတ် စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်က မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း အသက်အရွယ်အလိုက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ တာဝန်ရှိသူများမှ ဆေးထိုးနှံမည့်သူစာရင်းများကို စနစ်တကျကောက်ခံပြုစုတင်ပြနိုင်ရေးနှင့် ကြိုတင်အသိပေးနှိုးဆော်ပေးနိုင်ရေး၊ ကာကွယ်ဆေးထိုး စုရပ်(၁၉)နေရာခွဲ၍ ဆေးထိုနှံနိုင်ရေး အတွက်  ရပ်ကွက်/ကျေးရွာများရှိ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ရပ်မိ/ရပ်ဖများ၊ ပူးပေါင်း ဆောင်ရွက်နိုင်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်ူမာရေးဦးစီးဌာနမှ ဒေါက်တာရဲခေါင်က ကျန်းမာရေး စောင့်ရှောက်မှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ဆေးဝါး လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ သိရှိလို သောအချက်များ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ် ပြည်သူ့ဆေးရုံ၊ ပါဆန်း၊ ဝမ်ပိန်း၊ ဆိုက်ခေါင်၊  ဝမ်လုံး၊ နမ့်လန်း ၊ဝမ်ယန်း၊ တောညု၊ ဟာပီးပါ၊ ပူပါလောင်း၊ နမ့်ပန်၊ ရှေခင်၊ဘိုရှီး၊ နမ့်ယွန်း၊လန်းဆတ်၊ နမ့်လောက်၊ ဆိုင်ဆတ်၊ ညောင်ပင်သာ၊ ဆွပ်ပလောင်း စသည့် စုရပ်နေရာ (၁၉)နေရာတို့တွင် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသူများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး