သံတောင်ကြီး သြဂုတ် ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ အမှတ် (၄) ရပ်ကွက်တွင် ယမန်နေ့နံနက် ၃ နာရီအချိန်က သံတောင်မြို့မှဘောဂလိမြို့သို့သွားသော ကားလမ်းမိုင်တိုင်အမှတ် (၁၃/၃) နှင့် (၁၃/၄) ကြား ကားလမ်းဘေးညာဘက်ခြမ်းတွင် လွန်ခဲ့သော (၂) ရက်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေများစိုစွတ်ပျော့အိလာသဖြင့် လုံးပတ် (၅) ပေခန့်ရှိသော ညောင်ကုလားပင်မှာ ကားလမ်းပေါ်သို့လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ခဲ့သည်။
သစ်ပင်လဲကျမှုကြောင့် သံတောင်မြို့မှဘောဂလိမြို့များသို့ လျှပ်စစ်ဓါတ်အားပေးပို့လျက်ရှိသည့် (၃၃KV) ဓါတ်အားလိုင်းမှ ဓါတ်ကြိုးများပေါ်သို့ ကျရောက်သဖြင့် ဓါတ်တိုင် (၅) တိုင် ကျိုးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်လဲကျသည့်နေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်၊ သံတောင်ကြီး မြို့မရဲစခန်းမှူး ရဲအုပ် အောင်ဝင်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ သံတောင်ကြီး နယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီးစောဆာဂေဒိုနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ဒေသခံပြည်သူများပူးပေါင်းလျက် လဲကျနေသောသစ်ပင်အား ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)