ကျိုင်းတုံမြို့၌ Stay at Home ကာလ မဖြစ်မနေ အပြင်ထွက်သွားလာရသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိ

ကျိုင်းတုံ        စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ Stay at Home ကာလ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မဖြစ်မနေ အပြင်ထွက်သွားလာရသူများအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာစေရေး စက်တင်ဘာ ၁၂ ရက်က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဝင်ထွက်သွားလာခွင့်ကတ်ဖြင့် မဖြစ်မနေ ဈေးဝယ်ထွက်ရာတွင် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ခြင်းရှိမရှိ၊ နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ခြင်းရှိမရှိ  စသည့်  ထုတ်ပြန်ထားသော Stay at Home သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာ စေရေး စစ်ဆေးကြပ်မတ်ခြင်းကို ရပ်ကွက်၊ ကျေးရွာများအတွင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် Stay at Home သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာခြင်းမရှိသူ ၉၈ ဦး တွေ့ရှိခဲ့၍ ၎င်းတို့အား နောက်နောင်တွင် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံမည်ကို သိရှိပါကြောင်း ဝန်ခံကတိလက်မှတ် ရေးထိုးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)