ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နေမှု အခြေအနေအား တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှု

ဒဂုံတောင် သြဂုတ် ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် Covid-19ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အထူး ဂရုစိုက် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားသော အခြေခံပညာအထက်တန်းကျောင်းများ၏ ဖွင့်လှစ် နေမှု အခြေအနေအား ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

အဆိုပါကြည့်ရှုစစ်ဆေးရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအေးနိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့် မြို့နယ် Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များ ပူးပေါင်း ပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်များအတွက် လိုအပ်သည့်သုတ၊ ရသစာအုပ်များ ထောက်ပံ လှူဒါန်းပေးမည့် အခြေအနေ များနှင့် ပတ်သက်၍ တာဝန်ခံကျောင်းအုပ်ဆရာမကြီးအား မေးမြန်းခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)