သင်္ဃန်းကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် လိုက်လံအသိပေး နှိုးဆော်

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်ရပ်ကွက်များ၊ စျေးများ အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပေး နှိုးဆော်ချက်များအား ရပ်ကွက်များအတွင်း လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို  သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများနှင့်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါသည် လျှင်မြန်စွာကူးစက် ပျံ့ပွားမှု ဖြစ်နေသဖြင့် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်သွားရန်၊ အပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ် မနေတပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်နှင့် လက်ကို ဆပ်ပြာ နှင့်မကြာခဏ ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့်မျက်လုံးတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟုသံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန်စသည့် အသိပေးနှိုးဆော်ချက်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသံချဲ့စက်များဖြင့်နေ့စဉ် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်အသိပေး နှိုးဆော်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)