ရေဖြူမြို့နယ်၊ လဲရှောင်ရွာ၊ သံကိုင်းကျောင်းတိုက်ရှိ သံဃာတော်များနှင် လူပုဂ္ဂိုလ်များအား မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ကွင်းဆင်းစစ် ဆေးပေးရာ သံဃာ(၁)ပါးပိုးတွေ့ရှိ

ရေဖြူ စက်တင်ဘာ ၁၂

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်ကာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လဲရှောင်ရွာ၊ သံကိုင်းကျောင်းတိုက်ရှိ သံဃာတော်များနှင် လဲရှောင်ရွာ လူပုဂ္ဂိုလ်တို့အား Mobile Test Kit Team အဖွဲ့က  RDT Test   Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကွင်းဆင်းစစ်ဆေး ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်‌ အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းနှင့် ကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်‌​ခြေနီတပ်ဖွဲ့ဝင်များက လဲရှောင်ကျေးရွာ၊ သံကိုင်းကျောင်းတိုက်ရှိ သံဃာတော်(၄၀)ပါးနှင့် လူပုဂ္ဂိုလ်(၁၆)ဦး၊ စုစုပေါင်း(၅၆)ဦးအား RDT Test Kit ဖြင့် သွားရောက် စစ်ဆေးပေးခဲ့ရာ သံဃာတစ်ပါး၌ ကိုဗစ်-၁၉‌​ရောဂါ ပိုး‌​တွေ့ရှိ​​ကြောင်း သိရသည်။

" များများစစ်၊ မြန်မြန်တွေ့၊ မြန်မြန်ကုသဆိုသည့် လမ်းညွှန်ချက်နှင့်အညီ မြန်မြန် စစ်ဆေး ကုသနေတာ ဖြစ်ကြောင်း၊‌​ ရောဂါပိုးရှိသူနှင့်‌ရောဂါပိုးမရှိသူကို မြန်မြန်ခွဲထုတ်စစ်‌​ဆေးကုသ ပေးခြင်းအားဖြင့် ရောဂါကင်းစင်ပြီး လုပ်ငန်းဆောင်တာများ ပုံမှန်ပြန်လည် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း" မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ပြောကြားသည်။

ရေဖြူမြို့နယ်တွင် ယနေ့အထိ ရောဂါပိုးတွေ့သူ (၆၄၆)ဦးရှိပြီး ကုသဆဲ(၇၃)ဦး၊ သေဆုံး (၁၈)ဦးနှင့် သက်သာပြီး ဆေးရုံဆင်းသူ(၅၅၇)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံက သိရသည်။

ရေဖြူ(ပြန်/ဆက်)