မိုင်းဆတ်မြို့ သဗ္ဗညုဘုန်းတော်ကြီးကျောင်း၌ ဆွမ်းဆန်၊ ဆီနှင့် ကုလားပဲ ဆက်ကပ်လှူဒါန်း

မိုင်းဆတ် စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆွမ်းဆန်၊ ဆီနှင့် ကုလားပဲ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၈)နာရီက သဗ္ဗညု ဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧည့်ပရိတ်သတ်အပေါင်းတို့က သံဃာတော်အရှင်သူမြတ်တို့အား ဩကာသ ကန်တော့ချိုး ဖြင့် ရှိခိုးကန်တော့ကြကာ သဗ္ဗညုကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဣန္ဒက ထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူခဲ့သည်။

ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆက်ကပ် လှူဒါန်းသည့် ဆွမ်းဆန်(၂၁)အိတ်၊ ဆီ(၆၆ ဒဿမ ၅၀)ပိဿာနှင့် ကုလားပဲ(၁၃၃)ပိဿာ တို့ကို နယ်မြေခံ တပ်နယ်မှ ဗိုလ်မှူးကြီးလင်းအောင်မိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ခရိုင်နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင် တို့က သဗ္ဗညုကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဣန္ဒက ထံဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကာလနှင့် ဝါတွင်းကာလအတွင်း ဆရာတော်သံဃာတော်များနှင့် သာမဏေများ အဆင်ပြေစွာ သီတင်းသုံးနေထိုင်နိုင်ရန် ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)