သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ရှေးဦးပြုစုခြင်းများ လေ့ကျင့်ဆောင်ရွက်

သီပေါ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ထိခိုက်ဒဏ်ရာရ ရှေးဦးပြုစုခြင်း လက်တွေ့ လေ့ကျင့်ခြင်းများကို ယနေ့ နံနက်ပိုင်းက သီပေါမြို့ရွှေကျောင်း ပဋိပတ္တိသာ့သနာ့ ရိပ်သာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှေးဦးပြုစုခြင်းဆိုင်ရာများဖြစ်သော လူနာအားဆန်းစစ်လေ့လာခြင်း၊ ပတ်တီး စည်းခြင်း၊ ရှေးဦးပြုစုခြင်း၊ ထမ်းစင်ဖြင့် သယ်ဆောင်ခြင်း၊ လူနာအား အရေးပေါ် လူနာတင်ယာဉ်ပေါ်သို့ ပို့ဆောင်ခြင်း၊ နှလုံးနိုးဆွခြင်းများကို သရုပ်ပြခြင်း၊ လေ့ကျင့်ခြင်း၊ ကိုယ်တိုင်ပါဝင် ဆောင်ရွက် လေ့ကျင့်စေခြင်းများကို မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူမှ ဦးဆောင်၍ တပ်ဖွဲ့ဝင်(၃၀)ဦးတို့အား ကိုယ်တိုင်လက်တွေ့ ပါဝင်ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်းနှင့် “ရှေးဦးပြုစု သူရဲကောင်းများ ကျောင်းနှင့် ရပ်ရွာမှာမွေးထုတ်ထား” ဟူသော ဆောင်ပုဒ်နှင့်အညီ တပ်ဖွဲ့ဝင်များအား အကောင်းဆုံး လေ့ကျင့်ပြုစု ပျိုးထောင်လျက်ရှိကြောင်း  မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းထံမှ  သိရသည်။

သီပေါမြို့နယ်ကြက်ခြေနီ အသင်းခွဲသည် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ခြင်း၊ လူနေအိမ်များ၊ ဘာသာရေး ကျောင်းများအား အခမဲ့ပိုးသတ် ဆေးဖျန်းပေးခြင်း၊ Quarantine Centre များ ပြင်ဆင်ဆောင်ရွက်ခြင်းတို့တွင် ပါဝင်ကူညီ ဆောင်ရွက်ခြင်း၊ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ၊ ပါးစပ်နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ဖြန့်ဝေပေးခြင်း အစရှိသည့် ပြည်သူ့ အကျိုးပြု လုပ်ငန်းမျာကို ကူညီဆောင် ပေးလျက်ရှိကြောင်းလည်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)