ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ဒဂုံတောင် သြဂုတ် ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ် အားကစားကွင်း ဧရိယာအတွင်းတွင် ကောင်းသစ်ဟိန်း ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် အလျား(၂၄၉)ပေ အနံ(၁၉၀)ပေ အမြင့်(၅၇) ပေရှိ ဖူဆယ်အားကစားရုံ (Multi Purpose) ဆောက်လုပ်နေမှုနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေခွင့်ပြု ချက် ဖြင့် KSWA Co.Ltd မှ တာဝန်ယူဆောက်လုပ်နေသည့် အလျားပေ(၁၀၀) အနံပေ(၃၀) RC ၂ ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေ မှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြည့်ရှုစစ်ဆေးခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင် တို့က ဦးဆောင်၍ အဆောက်အဦများ ဆောက်လုပ်သည့် အခါ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့် ညီညွတ်အောင် ဆောင်ရွက်ရေး အထူးဂရုပြု ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဆက်လက်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)