ဆီဆိုင် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေး အုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၁ ရက် နံနက် ၉နာရီခန့်က ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ် ကျေးရွာရှိ ဘုရားကိုးဆူဓမ္မာရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ကြ၍ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် မိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပေးပြီး စနစ်တကျထိုးနှံပေးသည်။
ဆီဆိုင်မြို့နယ်အတွင်း ဆေးထိုးအုပ်စုနေရာများအဖြစ် ဆီဆိုင်မြို့နယ်ခန်းမဆောင်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် ဇေတဝန် ကျောင်းတိုက်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာရှိ ဘုရားကိုးဆူဓမ္မာရုံ စသည့်နေရာများ တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)