မိုးကောင်းမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ထိခိုက်ဒဏ်ရာရ ရှေးဦးပြုစုခြင်း သင်တန်းပေး

မိုးကောင်း      စက်တင်ဘာ     ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးသင်ကြား ပေးခဲ့သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ထိခိုက်ဒဏ်ရာရရှေးဦးပြုစုခြင်း (Trauma First Aid Training) ကို စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံ သဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ ကိုဗစ်-၁၉ကပ်ရောဂါနှင့် ဆက်စပ်သော ရှေးဦးပြုစုခြင်း၊ ကိုဗစ်ကာလ အခြေခံအသက်ကယ်နည်း အဆင့်ဆင့်၊ MRE မိုင်းအန္တရာယ်အသိပညာပေး၊ အရိုးကျိုးခြင်း၊ အဆစ် လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ဒဏ်ရာ ပတ်တီးစည်းနည်း၊ ရှေးဦးပြုစုမည့်သူ လိုက်နာရမည့်အချက် များစသည့်ဘာသာရပ်များ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းသို့ ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများ လုပ်ကိုင်နေကြသော ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်အသင်းသား အမျိုးသား(၂၃)ဦးနှင့် အမျိုးသမီး (၁၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူစွာ Star Way CSOs Network အသင်း၏ တောင်းဆိုချက်အရ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကိုလည်း စက်တင်ဘာ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ သင်တန်းသား ၃၀ ဦးဖြင့် အဆိုပါရုံး၌ပင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)