ကော့သောင်း စက်တင်ဘာ ၁၁
ကော့သောင်းခရိုင်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကော့သောင်းမြို့ပေါ်ရပ်ကွက်များအတွင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပေးအပ်မှုတွင် လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေဖြင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ပြီး ကော့သောင်းခရိုင် အတွင်း၊ ကော့သောင်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၃၆)ဦး ရှိပြီး ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးခံစားလျက်ရှိသည့် ဘိုးဘွားတစ်ဦးလျှင်(၃၀၀၀၀/-) နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း (၇၀၈၀၀၀၀/-) ကျပ်ခုနစ်ဆယ်သိန်း ရှစ်သောင်း တိတိ ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၃၃)ဦးအား ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ စက်တင်ဘာလ (၁၀)ရက်နေ့က အိမ်တိုင်ရာရောက် စတင်လိုက်လံပေးအပ်လျက် ရှိကြောင်း၊ ခရီးကွာဝေးသည့် ကျေးရွာအုပ်စုများရှိ သက်ကြီးဘိုးဘွား(၁၀၃)ဦးအား ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးဝန်ထမ်းများမှတဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)