မြိတ်မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၂၈၄)ဦးအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

မြိတ်   စက်တင်ဘာ   ၁၁

နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ သက်ကြီးဘိုးဘွား (၁၂၈၄)ဦးကို ရပ်ကွက်/ကျေးရွာများတွင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

လူမှုရေးပင်စင်အဖြစ်  အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ တစ်လလျှင် တစ်သောင်းကျပ်နှုန်း‌ဖြင့် သုံးလတစ်ကြိမ်‌ ထောက်ပံ့ပေးလျက်ရှိပြီး ယခုထောက်ပံ့ပေးသည့် ဘိုးဘွားတစ်ဦးလျှင် သုံးသောင်းကျပ်ကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြိတ်ခရိုင် လူမှု၀န်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းနှင့် တာဝန်ရှိသူများက ယမန်နေ့က ကလွင်ကျေးရွာနှင့် ကျောက်ဖျာကျေးရွာရှိ ဘိုးဘွားများအား   အိမ်တိုင်ရာရောက် သွားရောက်၍ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၃၄)ခုရှိ သက်ကြီးဘိုးဘွား(၁၂၈၄)ဦးတို့အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)ကျပ်ကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များမှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိရာ စုစုပေါင်းထောက်ပံ့ငွေ (၃၈၅၂၀၀၀ဝ)ကျပ်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ခိုင်ထူး (မြိတ်)