ဘားအံ စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံမြို့၌ Kayin Committee COVID-19 Team(KCCT)ကို ဘားအံမြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းပြီး ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကရင်ကိုဗစ်-၁၉ ကော်မတီကို ၁၆-၈-၂၀၂၁ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး ၂၃-၈-၂၀၂၁ ရက်နေ့တွင် ကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်းများအား ရပ်ကွက်/ကျေးရွာများအထိ ဆောင်ရွက်နေမှုအခြေအနေများကို ဘားအံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးဇေယျာမိုးမြင့်က “ကျွန်တော်တို့ ကရင်ကိုဗစ် ကော်မတီအနေနဲ့ ဇုန်သုံးဇုန်ခွဲပြီး ရပ်ကွက်/ကျေးရွာများမှ လာရောက်ဆက်သွယ်အကူအညီ တောင်းခံကြ တဲ့ ကိုဗစ်ပိုးရှိ/မရှိစစ်ချင်သူများကို စစ်နိုင်အောင် ကူညီပေးပါတယ်၊ ဆေးရုံ/ဆေးခန်းများ သွားချင်တယ် ဆိုရင်လည်းပို့ဆောင်ပေးပါတယ်၊ အောက်ဆီဂျင်လိုအပ်နေတဲ့သူတွေကိုလည်း ရှာဖွေပြီးတော့ အိမ်အရောက် ပို့ဆောင်ပေးပါတယ်၊ ကုသရေးစင်တာများမှ ကျန်းမာပြီးနေအိမ်သို့ပြန်မည့် သူများကိုလည်း ပြန်လည်ပို့ဆောင်ပေးပါတယ်၊ အရေးပေါ်ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ကူညီပေးပါတယ် ကိုဗစ်ကာကွယ်ဆေး ထိုးရာမှာလည်း ဆေးထို့မည့်နေရာစုရပ်များ သို့သွားရောက်မည့် သူများ အခက်အခဲရှိပါက ကူညီပို့ဆောင်ပေးပါတယ်၊ ရပ်ကွက်/ကျေးရွာများမှ ကိုဗစ်ရောဂါ ကုသမှုခံယူနေရသူများကို ကွင်းဆင်း ကူညီပေးပါတယ်၊ (KCCT)အသင်းကို ကြက်ခြေနီတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ မာဃလူမှုကူညီရေး အသင်း၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)၊ ဖြူစင်နှလုံးသားလူမှုကူညီရေးအသင်း၊ ပေးဆပ်သူလူမှုကူညီရေးအသင်းစတဲ့ လူမှုရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဖွဲ့စည်းပြီး ကိုဗစ်ရောဂါ ဆက်ပြီးမပြန့်ပွားအောင် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု အသင်း၏ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ (KCCT)အသင်း ဇုန်(၃)နေရာကို ဘားအံမြို့၊ အ-ထ-က(၅) ၊ အမှတ်(၂)ရပ်ကွက်၊ အ-ထ-က(ခွဲ)-၂၊ အမှတ်(၇)ရပ်ကွက်၊ အ-ထ-က(ခွဲ)-၆၊ အမှတ်(၅)ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားရှိပြီး ရပ်ကွက်/ ကျေးရွာပြည်သူများအနေဖြင့် အောက်ဆီဂျင်လိုအပ်ပါက ဒေါ်ဧပြီထွန်း၊ တပ်ဖွဲ့ခွဲမှူး၊ ဖုန်းနံပါတ် -၀၉၆၅၀၇၄၄၄၅၅ သို့လည်းကောင်း၊ လူနာတင်ယာဉ်အကူအညီတောင်းခံလိုပါက ဦးစောကျော်အဲခလိန်း ဒု-မြို့နယ်တပ်ဖွဲ့မှူး၊ ဖုန်းနံပါတ်-၀၉၆၅၀၂၆၄၄၅၅ နှင့် ဦးမျိုးဇော်ဦး၊ ဒုတပ်ခွဲမှူး၊ ဖုန်းနံပါတ် -၀၉၆၅၀၂၅၄၄၅၅ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။
(ခရိုင်/ပြန်ဆက်)