ကျောက်မဲမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူ ၃၄ ဦးအပါအဝင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ပေါင်း ၅၀ ဦး ထပ်မံတွေ့ရှိ

ကျောက်မဲ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယမန်နေ့က စစ်ဆေးချက်များအရ တိုက်ပွဲရှောင် စခန်း ၂ နေရာမှ တိုက်ပွဲရှောင်ပြည်သူ ၃၄ ဦး အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၅၀ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စက်တင်ဘာ ၉ ရက်နေ့က မန်ခါကျေးရွာ ရှိ တိုက်ပွဲရှောင်စခန်းနှင့် နမ့်ဆော့တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင်ပြည်သူများ၊ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာသူများမှ ပြည်သူ ၁၄၁ ဦးကို  RTD Test Kit ဖြင့် စစ်ဆေးရာ ပြည်သူ ၄၂ ဦးတွင်လည်းကောင်း၊  ပြည်သူ ၁၅၀ ဦးအား  PCR စနစ်ဖြင့် စစ်ဆေးရာ  ပြည်သူ ၈ ဦးတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး ဌာနမှ သိရသည်။

ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ စက်တင်ဘာ  ၁၀  ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၁၀၀၇ ဦး၊ သေဆုံးသူ ၆၁ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၆၇၀ ဦးရှိပြီဖြစ် ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)