ပလောက် စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ နန်းသီလာကျေးရွာအုပ်စုအတွက် သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က ပလောက်မြို့ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာခန်းမ၌ ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ပလောက်တပ်နယ်မှကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်သည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့်နေရာသို့ မြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီး ကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်းစာရွက်သည် ခရီးသွားလာ သည့် အခါ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်အနေဖြင့် သွားလာရမည်ဖြစ်သည့်အတွက် ဆေးထိုးပြီး သူများ ရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ်တကျ သိမ်းဆည်းကြရန် လိုအပ်ကြောင်း မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
နှင်းမြူလွင်(ပလောက်)