မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများအား ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေး

ရန်ကုန်       စက်တင်ဘာ        ၁၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေ ရေးအတွက် မြို့နယ်တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ အလုပ်သမားဝန်ထမ်းများရှိရာ စုရပ်များသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် Makro စျေးဝယ်စင်တာ၊ Pro-1 စျေးဝယ်စင်တာနှင့် Kan Thar Yar စင်တာ စသည် များမှ ဝန်ထမ်းလုပ်သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac များ ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက် ပေးခဲ့ကြပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ ကြသည်။

အဆိုပါ အလုပ်သမားဝန်ထမ်းများအား ကာကွယ်ဆေးမထိုးနှံမီတွင် ကာကွယ်ဆေး မထိုးနှံသင့် သည့်သူများ မပါရှိစေရေးနှင့် ကာကွယ်ဆေးထိုးနှံနိုင်သည့်သူများ မကျန်ရှိစေရေးအတွက် ကာကွယ်ဆေးနှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆွေးနွေးပေးခဲ့ကြသည်။ ထို့နောက် အလုပ်သမားဝန်ထမ်းများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ပထမ အကြိမ်အဖြစ် လူဦးရေ (၅၁၀) ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)