လှည်းကူးမြို့နယ်၌ Myanmar NGO Network မှ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

လှည်းကူး စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ တီဘီရောဂါကုသဆဲ လူနာများ အား Myanmar NGO Network မှ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက  လှည်းကူးမြို့နယ် ကြက်ခြေနီ အသင်းခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ တီဘီရောဂါကုသနေသည့် လူနာတစ်ဦးလျှင် ဆန် ၆ ပြည် ဝင်(၁)အိတ်၊ ဆီ ၁ ပိဿာ(၁)ဘူး၊ ကြက်ဥ(၁၀)လုံး၊ စားပဲ(၁)ထုပ်နှင့် ကွေကာအုပ်အထုပ်ကြီး (၁)ထုပ် တို့ကို  Myanmar NGO Network မှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူများက လူနာနှင့် လူနာမိသားစုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

ထို့နောက် Myanmar NGO Network နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတာဝန်ရှိသူများက ရောဂါဝေဒနာ ကြောင့် သွားလာရန် အခက်အခဲရှိသည့် လူနာများ၏ နေအိမ်များသို့ သွားရောက်၍ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စုစုပေါင်း ထောက်ပံ့သည့် လူနာဦးရေ ၁၂၀ ရှိကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)