မိုးကောင်း စက်တင်ဘာ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မြတောင်ကျေးရွာရှိ ကွင်းအမှတ်(၆၄) တောင်သူဦးလင်းအောင်၏ ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စံပြစိုက်ကွင်းတွင် ယူရီယား(ပုလဲ) ၁ဆနှင့် နွားချေးဆွေး(သဘာဝမြေဩဇာ) ၃ ဆ ရောစပ်သုံးစွဲပြီး မြေဩဇာထည့်သွင်းခြင်း လုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စက်တင်ဘာ(၉)ရက် မွန်းလွဲ ၂ နာရီတွင်ကျင်းပပြုလုပ်သည်။
“ ယူရီယား(ပုလဲ)ကို နွားချေးဆွေးနဲ့ရောစပ်ခြင်းကြောင့်လဲ ယူရီယားသက်သာပြီး တာရှည်ခံ မှာဖြစ်သလို တောင်သူတွေမှာလဲ အကျိုးရှိပါတယ်။ ထိန်းသိမ်းမှုလဲ အများကြီး အားကောင်းတယ်။ ရေရှည်မှာ လယ်ကွက်ထဲမြေဩဇာကျန်ရှိမှာဖြစ်တဲ့အတွက် မြေဆီလွှာရုပ် သဘာဝဓါတ် ဖွံ့ဖြိုးတိုးတက်လာပြီး တစ်ပါးတစ်ဧကအထွက် ရေရှည်တည်တံ့လာမှာ ဖြစ်ပါတယ်။” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိန်လွင်ကပြောကြားသည်။
အဆိုပါမြေဩဇာထည့်သွင်းခြင်းလုပ်ငန်းကို အပင်အရွက်အတွက်အစိမ်းရောင်ကလိုရိုဖီးရပြီး အပင်ပွါးအားကောင်းလာစေရန် စိုက်ပြီး ၁၄ ရက်တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ အနှံအတွက်အစာချက်နိုင်ရန် စပါးအသက် ၇၅ ရက်တွင် ဒုတိယအကြိမ်ကိုလည်းကောင်း၊ အနံအစေ့ အောင်မြင်စေရန် စပါးအသက် ၁၀၅ ရက်တွင် တတိယအကြိမ်အဖြစ်လည်းကောင်း ထည့်သွင်းပေး ရကြောင်း သိရသည်။
မြေဩဇာထည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်မှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ တက်ရောကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးတောင်သူများကိုလည်း ဝန်ကြီးချုပ်ကဟင်းသီးဟင်းရွက်မျိုးစေ့များကိုပေးအပ်ကာ လုပ်ငန်းအောင်မြင်အောင်ဆောင်ရွက်ကြရန် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
နွားချေးဆွေး(သဘာဝမြေဩဇာ) ၃ဆနှင့် ယူရီယား(ပုလဲ)၁ ဆ ရောစပ်သုံးစွဲမှုကြောင့် တောင်သူလယ်သမားများ ဓါတ်မြေဩဇာသုံးစွဲမှုကို လျှော့ချနိုင်ပြီး တစ်ဧကထုတ်လုပ်မှုကုန်ကျ စရိတ်သက်သာစေနိုင်ကြောင်း၊ လယ်ယာမြေ၏ ရုပ်သဘာဝဓါတ်ဖွံ့ဖြိုးတိုးတက်လာပြီး စပါးအထွက် နှုန်းရေရှည်တည်တံ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)