မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ရွာသန့်ရှင်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်  စက်တင်ဘာ   ၁၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ရွာဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်က သစ်ပင်၊ သစ်ကိုင်းနှင့် ခြုံနွယ်များရှင်းလင်းခြင်းလုပ်ငန်းများကို လမ်းမကြီးများ၏ လက်ဝဲ၊ လက်ယာတစ်လျှောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းလှိုင် ဦးဆောင်၍ မြို့နယ်ပန်းဥယျာဉ်အဖွဲ့မှ ဝန်ထမ်းများက ဗိုလ်မင်းရောင်လမ်းနှင့် မြယာကုန်း မီးပွိုင့် တစ်လျှောက်ရှိ အများ ပြည်သူနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများခုတ်ထွင်ခြင်း၊ ခြုံနွယ်များနှင့် မြက်ပင်များအား ရှင်းလင်း ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း၌ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် စဥ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)