ကျောက်ဆည် စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း နေ့စဉ်ရုံးလုပ်ငန်း တာဝန်များ ထမ်းဆောင်လျက်ရှိသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၁၀၇)အား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ရုံးလုပ်ငန်းများ နေ့စဉ် တက်ရောလုပ်ဆောင်ခဲ့ကြသည့်အပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာရှိသူများ၊ ရောဂါပိုးရှိသည်ဟု သံသယရှိသူ များကို စနစ်တကျ ဆေးဝါးကုသနိုင်ရေးအတွက် ကူညီပေးခြင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းများအတွက် ထောက်ပံ့ငွေများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းတို့က ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် ဝန်ထမ်း(၁၀၇)ဦး အတွက် ငွေကျပ်(၂၁၄၀၀၀၀)ကျပ်ကို ဝန်ထမ်းများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)