မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံရပ်ကွက်တွင် ဆန်၊ ဆီနှင့် ကြက်ဥများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

မြောက်ဥက္ကလာပ   စက်တင်ဘာ  ၁၀

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်နှင့် အဓိက စား​သောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍  ဆန်၊  ဆီနှင့် ကြက်ဥများအား ​ရွေ့လျား မော်တော်ယာဉ်ဖြင့်  ယမန်နေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ​ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက်ခွဲတွင် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် လာရောက်ရောင်းချပေး ခဲ့ကြောင်း သိရှိရသည်။

ထို့သို့ရောင်းချပေးရာတွင် ဆန်ကြမ်း(၅)ပြည်တစ်အိတ်(၅၀၀၀)ကျပ်၊ ဆန်ချော(၅)ပြည် တစ်အိတ် (၈၅၀၀)ကျပ်၊ ဆီ(၅၀) ကျပ်သား တစ်ဘူး(၁၈၅၀)ကျပ်၊ ကြက်ဥ (၁၀)လုံး တစ်ကတ်(၁၃၀၀) ကျပ် စျေးနှုန်းတို့ဖြင့် ​ ရောင်းချပေး ခဲ့ကြောင်းသိရသည်။

အဆိုပါ ရောင်းချရာနေရာတွင် လူစုလူဝေး မဖြစ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  ရောင်းဝယ်နိုင်ရေး  မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် ဝန်ထမ်းများ က ဈေးရောင်းသူနှင့် ဈေးဝယ်သူများအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း