ကျောက်ဆည် စက်တင်ဘာ ၁၀
ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် စပါးသီးနှံကို အဓိထား စိုက်ပျိုးကြသော်လည်း ယာမြေများနှင့်ကိုင်း၊ ကျွန်မြေများတွင် ရာသီပေါ်သီးနှံများဖြစ်သည့် ဟင်းသီး၊ ဟင်းရွက်ပင်များ၊ နနွင်း၊ နှမ်း၊ ဝါ၊ ငှက်ပျော၊ ပဲတီစိမ်း၊ငရုပ်စသည့် သီးနှံမျိုးစုံလည်း စိုက်ပျိုးကြကြောင်း သိရှိရသည်။
ထိုသို့သီးနှံမျိုးစုံစိုက်ပျိုးရာတွင် ကီလိုမာလကာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ မိသားစုအပိုဝင် ရရှိပြီး စားဝတ်နေရေးဆင်ပြေလျက်ရှိကြောင်း သိရှိသည်။
“မိသားစုအပိုဝင်ငွေလေးရအောင် ကီလိုမာလကာအပင်(၁၀၀)ကျော်ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားတာ အခုဆို (၄)နှစ်ရှိပါပြီ စိုက်ပျိုးပြီးတစ်နှစ်အတွင်း ရောင်းတန်းဝင်အသီးများကို စတင်ခူးဆွတ်လို့ရပါတယ် ကိုဗစ်-၁၉ ကာလဖြစ်ပေမယ့်မာလကာသီးတွေကတော့ ရောင်းရပါတယ်။ ဈေးသည်တွေက တစ်နေ့တာကုန်သလောက် ခြံထဲ အထိလာပြီး အသီးအကြီးအသေးအပေါ် မူတည်ပြီး တစ်လုံး ငွေကျပ်(၈၀)မှ(၁၅၀)ကျပ်ဖြင့် နေ့စဉ် လာဝယ်ကြတဲ့ အတွက် ကျွန်မတို့မိသားစုအဖို့ အပိုဝင်ငွေများရလာတဲ့အတွက် အဆင်ပြေကြောင်း" ကီလိုမာလကာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် သင်ပျိုကျေးရွာမှ မာလကာခြံပိုင်ရှင်ဒေါ်မာမာလွင်က ပြောကြားသည်။
မာလကာစိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး အပင်များသန်စေရန်နှင့် အသီးလုံး လှစေရန် အတွက် တစ်ပင်နှင့်တစ်ပင်(၁၂)ပေခြားပြီး တစ်တန်းနှင့်တစ်တန်း (၁၅)ပေခန့်ခြားကာ စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်သားအတွင်း ရောင်းတန်းဝင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ အသီးများ သီးလုံးဖောက်ပိုးမဝင်စေရန်နှင့် အရောင်တောက်ပစေရန်အတွက် မာလကာသီးများကို စက္ကူဖြင့်ပတ် ပေးရကြောင်း၊ နှစ်လအကြာတွင် မာလကာသီးများ ခူးဆွတ်ရကြောင်း၊ မာလကာစိုက်ပျိုးရာတွင် အလုပ်သမား အခက်အခဲ မရှိသောကြောင့်စိုက်ပျိုးသင့်သည့် သီနှံတစ်မျိုး ဖြစ်ကြောင်း သိရှိရသည်။
သက်မောင် (ခရိုင်၊ပြန်/ဆက်)