ကော့သောင်း စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်း စီမံချက်ချဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်းစီမံချက်လှုံဆော်ရေးမြေစိုက်ပိုစတာကြီးအား ယမန်နေ့ နံနက်ပိုင်းက မြို့၏အသွားအလာများပြားရာ၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါအလျား(၂၀)ပေအနံ(၁၀)ပေရှိ ဗီနှိုင်းမြေစိုက်ပိုစတာအား ကော့သောင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ၊ မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများက ကိုဗစ်၁၉ရောဂါထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စိုက်ထူခဲ့ကြခြင်း ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှ နိုင်ငံတစ်ဝန်း မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ၂၀၂၂ခုနှစ် ၊ နိုဝင်ဘာလ (၃)ရက်နေ့အထိ (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်း မြို့နယ်များတွင် ၂၀၂၁ခုနှစ် မေလ မှ စတင် ကာ သက်ဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိကာ ဆက်လက်၍ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအထိ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း ၊အဆိုပါ အသိပေးလှုံဆော်ရေး မြေစိုက်ပိုစတာကြီးအား မြို့နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး စိုက်ထူခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)