ပူတာအိုမြို့နယ်၊ ဇီးအွန်ကျေးရွာအုပ်စု၊ အင်ရိုဘော့ကျေးရွာတွင် ကျောင်းခန်းမ ဆောင်သစ်ဆောက်လုပ်ခြင်း (၅၀) ရာခိုင်နှုန်းခန့်ပြီးစီး

ပူတာအို စက်တင်ဘာ ၁၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဇီးအွန်ကျေးရွာအုပ်စု၊ အင်ရိုဘော့ကျေးရွာတွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေး၀န်ကြီးဌာန ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်၀န်း)ခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းခန်းမဆောင်သစ် ဆောက်လုပ်လျက်ရှိရာ စက်တင်ဘာ(၉)ရက်နေ့တွင် လုပ်ငန်း၏(၅၀)ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

ယင်းလုပ်ငန်းကိုလူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်၀န်း) ခွင့်ပြုရန်ပုံငွေကျပ်သိန်းပေါင်း (၁၃၇,၄၀၀၀၀) သိန်းဖြင့် အလျား ၅၀ပေ၊အနံ ၂၀ပေ၊အမြင့် ၁၂ပေ၊ တမ္မံတလင်းခင်း၊ပျဉ်ကာ၊ သွပ်မိုး အဆောက်အဦအမျိုးအစား ကို လူထုဗဟိုပြုစီမံကိန်းက နည်းပညာပံ့ပိုး၍ကျေးရွာ လူထုကိုယ်တိုင်လုပ်ငန်းရွှေးချယ်ဆောင်ရွက်ကာ မေလ (၁၅)ရက်မှစတင်၍ အကောင်အထည်ဖော် ဆောက်လုပ် လျက်ရှိပြီး ၂၀၂၁-ခုနှစ် အောက်တိုဘာလ(၃၀)ရက်တွင် အပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးပါက အင်ရိုဘော့ကျေးရွာရှိ အိမ်ခြေ(၂၂) အိမ်မှလူဦးရေ(၁၅၀)ဦးတို့အတွက် ပညာရေးကဏ္ဍတွင်များစွာ အထောက်အကူ ပြုလာမည် ဖြစ်ပြီး ကျောင်း ဆောင်သစ်ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ပူတာအိုမြို့နယ် လူထုဗဟိုပြုစီမံကိန်းတာ၀န်ခံ ဒေါ်ခင်မေ၀င်း နှင့်နည်းပညာအကြံပေး ဒေါ်နွေးနွေးအောင်တို့က စက်တင်ဘာ(၉)ရက်နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)