တိုက်ကြီးမြို့နယ် သန့်ရှင်းသာယာလှပစေရေး သန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုအားပေး

တိုက်ကြီး စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မြို့သာယာလှပစေရေး အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် သန့်ရှင်းရေး လုပ်ငန်းများကို နေ့စဥ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီ အချိန်ခန့်က အင်္ဂလားရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များပူးပေါင်း၍ အင်္ဂလားရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့ လမ်းဘေး ဝဲ/ယာ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး အမှိုက်များဆယ်ယူခြင်း၊ လမ်းဘေးစွန့်ပစ်ထားသော အမှိုက်များကို စနစ်တကျ ကောက်ယူသိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ အဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းတို့ ပါဝင်သောအဖွဲ့က သွားရောက်ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)