သုံးခွမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ "ကန်သာယာရေကန်ကြီး'' သန့်ရှင်းသာယာစေရေး စုပေါင်းသန့်ရှင်းရေး ပြုလုပ်

သုံးခွ စက်တင်ဘာ ၁၀

သုံးခွမြို့နယ်အတွင်းရှိပြည်သူများ သောက်သုံးရေအတွက် အားထားရသော ရေကန်တစ်ခု ဖြစ်သည့် အမှတ် (၉)ရပ်ကွက်( မြို့ပြင် )ရှိ ''ကန်သာယာရေကန်ကြီး'' သန့်ရှင်းသပ်ရပ်စေရေး ၊ စိမ်းလန်းစိုပြေနိုင်စေရေးနှင့် ရေကန်အနီးနေပြည်သူများ မိုးရာသီအတွင်းဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် နွေရာသီတွင် သန့်ရှင်းကြည်လင် သောသောက်သုံးရေရရှိရန်အတွက်  ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များစုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်သည် ကန်ရေကိုသာအားထား သောက်သုံးရသည့်အတွက် မြို့နယ်အတွင်းရှိ ရေကန်ကြီးများ သန့်ရှင်းသာယာလှပစေရေး၊ သောက်သုံးရေသန့်ရှင်းကြည်လင်စေရေး တို့အတွက် မြို့နယ်အတွင်းရှိရေကန်များအား စုပေါင်းသန့်ရှင်း ဆောင်ရွက်မှုများကို စက်တင်ဘာလအတွင်း ဒုတိယအကြိမ်   ပြုလုပ်ခြင်းဖြစ်ကြောင်း ၊ ပထမအကြိမ်မှာ စက်တင်ဘာ (၃)ရက်နေ့တွင် မြို့သူမြို့သားများသောက်သုံးရေ အားထားရသော မြို့၏ အကြီးဆုံး ရေကန်ကြီးဖြစ်သည့်(၃၁)ဧက ရေကန်ကြီးကိုလည်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှထံမှသိရသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏  ဦးဆောင်စီစဥ်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်းများ၊    ကြက်ခြေနီတပ်ဖွဲ့၀င်များ ၊ တကောကျေးရွာ (ဖြူစင်ပရဟိတ)အသင်းအဖွဲ့တို့မှ စေတနာ့လုပ် အားရှင်များ စုပေါင်း၍   ကန်ဘောင်အတွင်းနှင့် ကန်ဘောင်ပေါ်ရှိ ခြုံနွယ်များ၊ ကိုင်းပင်များ၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်