မိုးညှင်း စက်တင်ဘာ ၁၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ သံဃာတော်/သီလရှင်များ၊ အသက်(၆၅)နှစ်နှင့် အထက်အသက်ကြီးသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်မိုတယ်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဈေးသူဈေးသားများအား ယမန်နေ့ နံနက်(၉)နာရီမှစတင်ကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ကျန်းမာရေးရာဇဝင်များစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီး ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ၎င်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို မိုးညှင်းမြို့ကုတင်(၁၀၀)ဆံ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ထိုးနှံပေးခြင်းဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးအမည်မှာ Sinopharm ဆေးဖြစ်ပြီး ထိုကာကွယ်ဆေးထိုးနှံရာတွင် သံဃာတော်/သီလရှင်(၄၉)ပါး၊ အသက်(၆၅)နှစ်နှင့်အထက်အသက်ကြီးသူ(၃၄၈)ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း(၇၉)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၂၀)ဦး၊ စေတနာ့ဝန်ထမ်း(၂၈)ဦး၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံ ဝန်ထမ်း(၁၃၁)ဦး၊ ဟိုတယ်မိုတယ်ဝန်ထမ်း(၁၀)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး ဝန်ထမ်း(၁၂၃)ဦးနှင့် ဈေးသူဈေးသားများ(၄၃၇)ဦး စုစုပေါင်း(၁၂၂၅)ဦးတို့ကို အသီးသီး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)