တိုက်ကြီး စက်တင်ဘာ ၁၀
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့နည်းလာစေရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရည်ရွယ်၍ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ယမန်နေ့ ညနေပိုင်းအချိန်က တာဝန်ရှိသူများက မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် အသိပညာပေး လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အိမ်အပြင် ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ထားရန်၊ လူအများနှင့်ထိ တွေ့ဆက်ဆံရပါက မျက်နာအကာ(Face Shield)တွဲဖက်တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ကြရန်နှင့် လူစုလူဝေးရှောင်ရှားကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင် လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန်၊ အိမ်အပြင်ဘက်ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ်အထက် အသက်အရွယ် ကြီးရင့်သူ၊ ဆီးချို/သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင် ခြင်း အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ကြရန်၊ အသွားအလာတားမြစ်ပိတ်ပင်၍ သီးသန့် ခွဲခြားနေထိုင်စေခြင်း(Quaratine)လုပ်ငန်းစဉ်များတွင် အပြည့်အဝပါဝင်ပူးပေါင်းကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် နှင့် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာများပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှုခံယူရန် နှင့် အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျမတပ်ဆင်ခြင်းနှင့် လူစုလူဝေးပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး နှိုးဆော်တိုက်တွန်းထားပါသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး ၏ စီစဉ်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု (၉၅)အုပ်စုတို့မှ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ လမ်းများ၊ လမ်းဆုံများ၊ လူစည်ကားရာ ဈေး၊ ကားဂိတ်တို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများကို သိရှိလိုက်နာနိုင်စေရေးအတွက် အသံချဲ့စက်များ၊ လက်ကိုင်စပီကာများ ဖြင့် အသိပညာပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)