ရပ်စောက် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်စည်ပင်သာယာရေးဌာနနှင့် အင်တောမြို့နယ်ခွဲ စည်ပင်သာယာရေးဌာန တို့၏ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၂၂ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ (၆)လတာကာလအတွက် သားသတ်လုပ်ငန်းများအား အသားထုတ်လုပ် ရောင်းချခွင့်လက်မှတ်စနစ်ဖြင့် စီစစ်ချထားပေးခြင်းအခမ်းအနားကို မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ ရပ်စောက်မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိဦးမျိုးမြင့်အောင်က အမှာစကား ပြောကြားပြီး ရပ်စောက်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝက်သားသတ် လုပ်ငန်းရှင်(၁၂)ဦး၊ အမဲသားသတ် လုပ်ငန်းရှင်(၅)ဦး၊ ဆိတ်သားသတ်လုပ်ငန်းရှင် (၁)ဦး စုစုပေါင်း (၁၈)ဦးနှင့် အင်တောမြို့နယ်ခွဲစည်ပင်သာ ယာရေးဌာနမှ ဝက်သားသတ်လုပ်ငန်းရှင် (၄)ဦး၊ အမဲသားသတ်လုပ်ငန်းရှင်(၂)ဦး စုစုပေါင်း(၆)ဦးတို့အား ရပ်စောက်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်များ ပေးအပ်ခဲ့ကြရာ သားသတ်လုပ်ငန်းရှင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ရပ်စောက်မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့ပြသားသတ်လုပ်ငန်း(၃)ခု၊ ကျေးလက်သားသတ် လုပ်ငန်း(၁၂)ခုနှင့် အင်တောမြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ မြို့ပြသားသတ် လုပ်ငန်း(၂)ခု၊ ကျေးလက် သားသတ်လုပ်ငန်း(၄)ခုရှိပြီး လာရောက် လျှောက်ထားမှု မရှိသည့် မြင်တောင်ဝက်သားသတ်လုပ်ငန်း၊ နားကျင်းဝက်သားသတ် လုပ်ငန်းနှင့် ပင်ဖြစ်ဆိတ်သားသတ်လုပ်ငန်း၊ မြင်တောင်အမဲသားသတ်လုပ်ငန်း၊ ဖောင်းတော အမဲသားသတ်လုပ်ငန်း၊ အင်တောအမဲသားသတ်လုပ်ငန်းတို့အား ဒုတိယအကြိမ်ထပ်မံစီစစ် ချထားပေးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှသိရသည်။
ရဲထက်ဦး(ပြန်/ဆက်)