လယ်ဝေး စက်တင်ဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံသည့်လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက်(၁၀) နာရီက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမတွင်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် Road Map (၅)ချက်ထဲတွင်ပါဝင်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားရန် ဆိုသည့်အချက်နှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည့်အခါ အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် မတူဘဲများစွာအထူးဂရုပြုအလေးထား ဆောင်ရွက်ခဲ့ရပါကြောင်း၊ အားလုံးရင်ဆိုင်ကြုံတွေ့ခဲ့ကြသည့် အတိုင်း ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း (Delta)ရောဂါပိုးကြောင့် ကမ္ဘာတစ်ဝှန်း ကူးစက်ခဲ့သလို မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ တတိယလှိုင်းအဖြစ် အလွန်လျင်မြန်စွာ ကူးစက်ပြန့်ပွားမှုများ၊ သေဆုံးနှုန်း မြင့်မားမှုများ၊ အောက်ဆီဂျင်မလုံလောက်မှုများနှင့် အခက်ခဲမျိုးစုံကြုံတွေ့ခဲ့ရပါကြောင်း၊ ဒီလိုအခက်ခဲ မျိုးစုံကို စိတ်ဓာတ်၊စည်းလုံးမှုနှင့် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ လုံခြုံရေးတာဝန်ကျ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများကို နေပြည်တော်ကောင်စီအနေနဲ့ အထူးပင်ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ဂုဏ်ပြုပါ ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အားလုံးပူးပေါင်းပြီး ယခုလို အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်းဆောင် ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိ မြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ တပ်မတော်လုံခြုံရေးအဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့များနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများအား ထောက်ပံ့ငွေကျပ်သိန်း(၃၀)၊ Mask (၃၀၀၀)ခု၊ Hand Spray (1 Liter) (၇၂)ဗူး၊ ကြက်ဥ (၁၂၀၀)လုံးနှင့် ကိုဗစ်-၁၉ရောဂါဖြင့် ကျန်းမာရေး စောင့်ရှောက်မှုခံ ယူလျက်ရှိသော လူနာ များအတွက် APTERR TIER-3 အစီအစဉ်ဖြင့် ဂျပန်နိုင်ငံအစိုးရမှ လှူဒါန်းသော ဆန်အိတ်(၇၃၃)အိတ်အနက်မှ ဆန်(၉၃)အိတ်တို့ကို ပေးအပ်ရာ လက်ခံရယူပြီး တာဝန်ရှိသူ များကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ဒို့လယ်ဝေး လူငယ်ပရဟိတ အသင်းရုံးဝန်းအတွင်း လယ်ဝေးမြို့နယ်မှ ရဟန်း၊ရှင်၊လူ ပြည်သူများ စုပေါင်းလှူဒါန်းသော တစ်ရက် (၄၀)လီတာအိုး (၈၀)ကျော်ခန့် ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား သွားရောက် ကြည့်ရှုအားပေးရာ အသင်းဥက္ကဋ္ဌ ဦးသက်ပိုင်စိုးက ပြီးစီးမှုအခြေအနေနှင့် အောက်ဆီဂျင် ထုတ်လုပ်ပေးနိုင်မည့် အခြေအနေ များအားရှင်းလင်းတင်ပြသည်။
ထို့နောက် လယ်ဝေးမြို့နယ် တောင်စဉ်အေး ကျန်းမာရေးစစ်ဆေးရေးဂိတ်အား သွားရောက်ကြည့်ရှု စစ်ဆေးကာ ပူးပေါင်းကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ နေပြည်တော်အဝင်ဂိတ်ဖြစ်သည့် တောင်စဉ်အေးဂိတ်တွင် ဖြတ်သန်း သွားလာကြသည့် မော်တော်ယာဉ်နှင့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် သတ်မှတ်ထားသည့် စည်းမျဉ်း၊စည်းကမ်းများကို လိုက်နာ၍ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး အတွက် စနစ်တကျ စစ်ဆေးဆောင်ရွက်ကြရန် မှာကြားပြီး ပူးပေါင်း ကျန်းမာရေးစစ်ဆေး ရေးဂိတ်တွင် တာဝန်ထမ်းဆောင် နေကြသော ဝန်ထမ်းများနှင့်လုံခြုံရေး အဖွဲ့ဝင်များအတွက် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)