မိုင်းဆတ် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်လမ်းဦးစီး ဌာန၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၁)နာရီက သဗ္ဗညုဘုန်းတော်ကြီးကျောင်း တွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ ခဲဖွယ်တို့ကို ဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိတ် သတ်အပေါင်း တို့က ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြကာ သဗ္ဗညုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒကထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော် မူခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်လမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဦးနှင့် တာဝန်ရှိသူတို့က သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန် (၇)အိတ်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ထံမှ ရေစက်ချအနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)