မြိတ် စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြိတ်မြို့တွင် ပြည်သူများ စားသုံးမှု ဖူလုံစေရေးအတွက် စိုက်ပျိုး မွေးမြူထုတ် လုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသတွင်းစားသုံးမှုများအပြင် တခြားမြို့နယ်များသို့ပါ ဖြန့်ဖြူးပေး လျက်ရှိသည့် ထူးထူးတိုး အပြည်ပြည်ဆိုင်ရာ ဥစားကြက်မွေးမြူရေးခြံသို့ရောက်ရှိရာ တာဝန်ရှိသူတစ်ဦးက ဥစား ကြက်မွေးမြူ ထုတ်လုပ်နေမှုများနှင့် ဖြန့်ဖြူးဆောင်ရွက်ပေးနေမှုအား လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ဥစားကြက် မွေးမြူရေးခြံတွင် လက်ရှိအချိန်၌မွေးမြူလျက်ရှိသည့် ကြက်ကောင်ရေ(၈၆၀၀၀) ကျော်ရှိပြီး မွေးမြူထားရှိသည့်ကြက်များမှ တစ်နေ့လျှင် ကြက်ဥ(၇၂၀၀၀)ခန့်ထွက်ရှိကြောင်း၊ ဥစားကြက်မွေးမြူ ရေးခြံမှထွက်ရှိလာသည့် ကြက်ဥများကို မြိတ်မြို့တွင်း စားသုံးသူများအတွက် နေ့စဉ်ဖြန့်ဖြူး ရောင်းချပေးလျက် ရှိပြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များနှင့် ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်များသို့ပါ ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။
ထိုနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစား ကွင်းအသစ်ဖော်ထုတ်ရန် မြေနေရာ လျာထားသည့် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးတောင်ကွင်း မြေနေရာသို့ ရောက်ရှိခဲ့ကြသည်။ အားကစား ကွင်းအသစ်ဖော်ထုတ်ရန် မြေပြင်အခြေအနေကို တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြရာ ဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအတွက် စိုက်ပျိုးပညာပေးသည့် မိုးစပါး မျိုးသန့် မျိုးစေ့ထုတ် စံပြစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ တစ်ဦးမှ မြိတ်မြို့နယ်အတွင်း မိုးစပါး စိုက်ပျိုးဆောင်ရွက်ထားရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
မြိတ်မြို့နယ်အနေဖြင့် တောင်သူများမှ စပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ဆည်မြောင်းတာတမံများ၊ မြစ် ရေတင်ခြင်းလုပ်ငန်းများ၊ မြေအောက်ရေတူးဖော်ခြင်းလုပ်ငန်းများ မရှိသည့်အတွက် သဘာဝမိုးရေ တစ်ခုတည်း ကိုသာအားကိုးပြီး ရာသီသီးနှံ မိုးစပါး တစ်မျိုးတည်းသာ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ မိုးစပါးစိုက် ဧက အနေဖြင့် (၄၂၄၉၆)ဧက နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ဆင်းသုခ၊ မှော်ဘီ(၂)၊ ဆင်းသွယ်လတ်၊ မနောသုခ မျိုးစပါးများ ကို အဓိက စိုက်ပျိုးကြပြီး စပါးစိုက်တစ်ဧက ပျှမ်းမျှအထွက်နှုန်း(၇၃)တင်းခန့်ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( မြိတ် )