မြိတ် စက်တင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင် သီလရှင်ကျောင်း များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်များကို ယနေ့ နံနက်(၈)နာရီခွဲက မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ဆရာတော်၊ သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဧည့် ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ခဲ့ကြပြီး နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ လာသန လှည်းဘီးပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ဝန်ကြီးချုပ် နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ် များ ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ထိုနောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို က ဆရာတော်၊ သံဃာတော်များ အား သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ နှင့် နဝကမ္မအလှူတော်ငွေများကို သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ လှူဒါန်းမှု အစုစုအတွက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ မော်တောင် ပရိ ယတ္တိစာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်အတွင်း၌ ပရိယတ္တိစာသင်တိုက်(၁၇)တိုက်ရှိ သံဃာတော် (၇၈၅)ပါးနှင့် သီလရှင်ကျောင်း(၉၇)ကျောင်းရှိ သီလရှင်(၄၈၇)ပါးတို့အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်များ စုစုပေါင်းတန်ဖိုးငွေ(၇၅၃၇၂၀၀၀)ကျပ် လှူဒါန်းပြီး တိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင် တိုက်များနှင့် သီလရှင် ကျောင်းများသို့ လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်များ စုစုပေါင်းတန်ဖိုး (၁၅၅၄)သိန်း(၈)သောင်း ကျပ်ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြိတ်မြို့တလိုင်းစုရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းဝင်းရှိ ကက်သလစ်ခရစ်ယာန် ဘုရာရှိခိုးကျောင်းတွင် ကျောင်းအိပ် ကျောင်းစား ပညာသင်ကြားနေကြသည့် ကျောင်းသား/သူများနှင့် လူငယ်လူရွယ်များအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်များ သွားရောက်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ်)