ပူတာအိုမြို့နယ်၊ ဖန်ခိုင်(၁) ကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမဆောက်လုပ်

ပူတာအို စက်တင်ဘာ ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်၀န်း) ခွင့်ပြု ရန်ပုံငွေဖြင့် ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ ဖန်ခိုင်(၁)ကျေးရွာဘက်စုံသုံးခန်းမဆောက်လုပ် လျက်ရှိရာ စက်တင်ဘာ(၈)ရက်နေ့တွင်လုပ်ငန်း၏(၂၅)ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှသိရသည်။

ထိုသို့ကျေးရွာဘက်စုံသုံးခန်းမဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ပူတာအိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း တာ၀န်ခံ ဒေါ်ခင်မေ၀င်းနှင့် တာ၀န်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာ ဘက်စုံ သုံးခန်းမဆောက်လုပ်ရေးကော်မတီအဖွဲ့၀င်များနှင့်တွေ့ဆုံကာ သတ်မှတ်စံချိန်စံညွန်းနှင့် အရည်အသွေး ပြည့်မီ အောင် ဆောက်လုပ်ရေး၊သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ခန်းမဆောင်ရေရှည် ခိုင်ခံ့စေရန် အတွက် စေတနာထားကာလုပ်ငန်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြသည်။

ယင်းခန်းမဆောင်အား လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်၀န်း)ခွင့်ပြုရန်ငွေကျပ်သိန်းပေါင်း(၈၁) သိန်းဖြင့် အလျား ၄၀ ပေ၊ အနံ ၂၄ပေ၊ အမြင့် ၁၂ပေ၊တမ္မံ တလင်းခင်း၊ ပျဉ်ကာ၊ သွပ်မိုး အဆောက်အဦအမျိုးအစားကို လူထုဗဟိုပြုစီမံကိန်းက နည်းပညာပံ့ပိုး၍ ဩဂုတ်လ(၅)ရက်မှစတင်ကာ ကျေးရွာလူထုကိုယ်တိုင်လုပ်ငန်း ရွှေးချယ်အကောင်အထည်ဖော်ဆောက်လုပ်လျက်ရှိပြီး ၂၀၂၁-ခုနှစ် စက်တင်ဘာလ(၃၀)ရက်တွင် အပြီးဆောက် လုပ်သွားမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါကျေးရွာဘက်စုံသုံး ခန်းမဆောက်လုပ်ပြီးစီးပါက ကျေးရွာရှိအိမ်ခြေ(၉၂)အိမ်မှ လူဦးရေ (၄၅၉) ဦးတို့၏ ကျေးရွာအစည်းအဝေးများ၊ဟောပြောပွဲများနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများအတွက် အသုံးပြုနိုင်တော့ မည်ဖြစ် ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)