ကျောက်မဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအလှူငွေနှင့် ပစ္စည်းများပေးအပ်ပွဲနှင့် ပန်းခင်း စီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကျောက်မဲ စက်တင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ ၆ နာရီအချိန်ကကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အလှူငွေနှင့်ပစ္စည်း များပေးအပ် ပွဲနှင့် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အတူ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုတို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ခရိုင်၊ မြို့နယ် တာဝန်ရှိ သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ရန် နှင့် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာတွင် ရပ်ကွက်‌၊ ကျေးရွာများအထိ ကွင်းဆင်းစည်းရုံးဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပြီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ၅၈၄ ကတ်၊ ကျောက်မဲခရိုင်အတွင်းရှိ မြို့နယ်များအတွက် ပါးစပ်နှားခေါင်းစည်း Mask ၁၀၀၀၀ ခု၊ ခွဲစိပ်ခန်းသုံး ဝတ်စုံ Surgical Grown ၂၀၀ စုံ၊ ၄၀ လီတာဆန့် အောက်ဆီဂျင်အိုး ၄၀ လုံး၊ Flowmeter ၄၀ လုံး၊ လက်သန့်ဆေးရည် ၅၀ ဗူး၊ Oxygen Concentrator စက် ၉ လုံး၊ ကျောက်မဲမြို့တွင်တည်ဆောက်နေသည့် အောက်စီဂျင်စက်ရုံအတွက် ငွေကျပ်သိန်း၂၀၀၊ ကျောက်မဲမြို့နယ်ရှိ ပရဟိတအဖွဲ့များအတွက် ၁ လစာ စားစရိတ် နှင့် စက်သုံးဆီအတွက် ငွေကျပ် ၉၉ သိန်း၊  ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ အတွက် ထောက်ပံ့‌ငွေ ငွေကျပ် ၁၀ သိန်း၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းတို့ကို အသီးသီး ပေးအပ်‌ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ယင်းနောက် ကျောက်မဲခရိုင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ‌ ကျော်မိုးထွန်းက ကျေးဇူးတင်စကားနှင့်  ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ပရဟိတ အသင်းအဖွဲ့များနှင့် ရှမ်း/ပလောင် စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မိုင်းထွန်း(ပြန်/ဆက်)